ဖြူး ဇန်နဝါရီ ၂၀
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းအနေဖြင့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့ နံနက် (၉) နာရီကစတင်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မအနောက်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖြူးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦးမြင့်သိန်းနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးနှင့်ရာအိမ်မှူးများက ဆောင်ရွက်ခဲ့ရာ ဖြူးမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ဖြူးမြို့ပေါ် (၁၀) ရပ်ကွက်၊ ဇေယျဝတီမြို့ (၄) ရပ်ကွက်၊ ကညွတ်ကွင်းမြို့ (၄) ရပ်ကွက် စုစုပေါင်း ဖြူးမြို့နယ်အတွင်း (၁၈) ရက်ကွက်၊ စာရင်းကောက်ကွက် (၈၃) ကွက်ရှိပြီး အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းအား ဇန်နဝါရီလ (၁၅) ရက်မှ မတ်လ (၃၁) ရက် အထိ ရပ်ကွက်၊ ကျေးရွာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)