Social Media ပေါ်တွင် သတင်းအမှား သတင်းတုများဖြင့် လှုံ့ဆော်ခြင်းများကြောင့် တည်ဆဲဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဟောပြော

ရေနံချောင်း ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ Social Media အသုံးပြုသူများအနေဖြင့် Social Media ပေါ်တွင် သတင်းအမှား၊ သတင်းတုများ၊ မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့် မကိုက်ညီသော စာသားရုပ်ပုံများနှင့် နိုင်ငံရေးအရ နိုင်ငံတော်နှင့်လူပုဂ္ဂိုလ်များ ထိခိုက်သိက္ခာကျစေရန် လှုံ့ဆော်ခြင်းများအား တည်ဆဲဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဟောပွဲ အခမ်းအနားကို ယမန်နေ့က ရွာသစ်ရပ်ကွက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးဝင်းနိုင်က အမှာစကားပြောကြားပြီး မြို့မစခန်းမှူး ဒုရဲမှူး အောင်လွင်ဦးက Social Media ပေါ်တွင် သတင်းအမှား သတင်းတုများဖြင့် လူအများယုံကြည်စေရန် နိုင်ငံတော်နှင့်လူပုဂ္ဂိုလ်များ ထိခိုက်သိက္ခာကျစေသည့် လှုံ့ဆော်ခြင်းများဆောင်ရွက်ပါက အရေးယူဆောင်ရွက်နိုင်သည့် ဆက်သွယ်ရေးဥပဒေများ၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က တို့၏ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများဖြင့် တိုက်ခိုက်ပြောဆိုခြင်းများအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့သည့် ဖြစ်စဥ်များအား အသိပညာပေးဟောပြောသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)