ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့် မီး‌ဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကလိန်အောင် ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌အောင်မြို့ အမှတ် (၃) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီက မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ သိရှိနားလည်စေရန်အတွက် သဘာဝဘေးအန္တရာယ်နှင့် မီး‌ဘေးလုံခြုံရေး၊ မူခင်းကျဆင်းရေးနှင့်ပတ်သက်၍ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ကလိန်အောင်မြို့ နယ်မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး ဦးမျိုးဆွေဦးက မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန် / ရှောင်ရန်အချက်များအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကလိန်အောင်မြို့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းဗိုလ်က မူးယစ်‌ဆေးဝါးဆိုးကျိုးအန္တရာယ်များ၏အကြောင်း၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်စိုးနိုင်မှ လူကုန်ကူးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူသားချင်းဆိုင်ရာဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သတ်မှတ်ကြကြောင်း၊ လူကုန်ကူးမှုဆိုတဲ့ အဓိပ္ပာယ်ကို အကြမ်းအားဖြင့် လင်းရှင်းခဲ့ရာ မိမိအကျိုးစီးပွားတစ်ခုအတွက် လူသားများ၏ ကိုယ်ကာယလုပ်အားကို လူသားအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်ရယူခြင်းနှင့် လူကုန်ကူးခံရသော အလုပ်သမားများအား အတင်းအကျပ်ထိန်းချုပ်ကာ လုပ်အားခမပေးဘဲ အနည်းငယ်မျှသာပေး၍ အလုပ်ခိုင်းစေခြင်းစသည့်အကြောင်းအရာများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရမည့်အချက်များကို ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ‌ဒု-ဦးစီးမှူး ဒေါ်ခင်ခင်လဲ့ကစာဖတ်ခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအ‌ကြောင်းကို ကျောင်းသား/သူများ သိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့ပြီး နယ်မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး ဦးမျိုးဆွေဦးနှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူများအား လက်တွေ့မီးငြှိမ်းသတ်နည်းများကို သရုပ်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းဗိုလ်၊ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ် အောင်စိုးနိုင်၊ နယ်မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး ဦးမျိုးဆွေဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ခံ ဦးမင်းခိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ‌ဒု-ဦးစီးမှူး ဒေါ်ခင်ခင်လဲ့၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)