ဟင်္သာတမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ဟင်္သာတ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၁၇ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြဝတီရပ်ကွက်နှင့် ဥယျာဥ်တောင်ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား Mobile/Tablet ဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်း လုပ်ငန်းကို သတ်မှတ် Software အသုံးပြုကာ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ယမန်နေ့အထိ အဆောက်အဦ(၃၆၀ )ခု အိမ်ထောင်စု ( ၂၇၆)စု၊ ကျား (၄၇၂ )၊ မ ( ၅၄၂) စုစုပေါင်း ( ၁၀၁၄)ဦး မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ Census Units များတွင် အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဟင်္သာတမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများဦးဆောင်၍ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က ပူး‌ပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)