ထားဝယ် ဇန်နဝါရီ ၂၀
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများ အသိပေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးသန့်ဇင်က ယနေ့အခမ်းအနားသည် ကျန်းမာရေးဝန်ကြီးဌာနက (၂၁.၁၁.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် အသုံးပြုမည့် လုပ်ငန်းလမ်းညွှန် (Standard Operation Procedure) နှင့်ဆန်းစစ်ပုံစံ (Check List) တို့ကို ပြန်လည်ဆောင်ရွက်မည့် နှီးနွယ်ဌာနများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများအား အသိပေးရှင်းလင်းတင်ပြမည့် အခမ်းအနားဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (Framework Convention on Tobacco Control-FCTC) ကို (၂၀၀၃) ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းပါ ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် နှီးနွယ်ဌာနများမှ တာဝန်ရှိသူများအနေဖြင့် အမိန့်စာပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံကို သေချာစွာသိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ သို့မှသာ လုပ်ငန်းရှင်များက နမူနာများ တင်ပြခွင့်ပြုချက် တောင်းခံလာသည့်အပေါ် အတည်ပြုရာတွင် လွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသော အမိန့်၊ ကြော်ငြာစာများကို လုပ်ငန်းရှင်များ လိုက်နာနိုင်ရေးနှင့် ဆေးလိပ်၊ ဆေးရွက်ကြီး ထွက်ပစ္စည်းများကြောင့် ပြည်သူလူထု၏ ကျန်းမာရေးထိခိုက်မှု ပြဿနာများ လျှော့ချနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးမှူး ဒေါက်တာအောင်ငွေစံက လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ၊ စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများစသည့် အချက်အလက်များကို တာဝန်ရှိသူများက သက်ဆိုင်ရာနှီးနွယ်ဌာနများနှင့် အသေးစိတ်ချပြရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)