မော်လိုက် ဇန်နဝါရီ၂၀
ဗလငါးတန်နှင့်ပြီးပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အားကစားရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က အ.မ.က (၅) ကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ.မ.က (၅) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက လူငယ်တွေအတွက် အောင်မြင်ရေးနည်းလမ်း (သို့) ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်း သိကောင်းစရာများ ဆွေးနွေးပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန လ/ထညွှန်မှူး ဦးဝင်းထိန်က အားကစားရေးရာအကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ၎င်းနောက် ခရိုင်အားကစာမှူး ဦးဝင်းထိန်က အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဆရာ/ ဆရာမများက လက်ခံရယူခဲ့ကြသည်။ ဆက်လက်ပြီး ကျောင်းသားတစ်ဦးက အဆိုတော် Anonymous သီးချင်းဖြင့် ဧည့်ခံဖျော်ဖြေခဲ့ရာ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာဖြင့် သံပြိုင်သီဆိုခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ကလေးအလုပ်သမားပပျောက်ရေး”၊ “ကလေးစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး”၊ “ယာဉ်စည်းကမ်းလမ်းစည်းကမ်း”၊ လူငယ်နှင့် မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)