အိမ်မဲ ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ကြံ့ခိုင်မှုမရှိသောအိမ်များအား ပြန်လည်ပြုပြင်ပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် ကျွန်းကုန်းကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ဇင်ဝင်းမော်နှင့်ဝန်ထမ်းများက လေပြင်းဘေးအန္တရာယ်အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်မိရပ်ဖများမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ကြံ့ခိုင်မှုမရှိသောအိမ်များအား ပြန်လည်ပြုပြင်ဆောင်ရွက် ပေးခဲ့ကြသည်။
လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ကျွန်းကုန်းကျေးရွာတွင် ယခုလ ၁၆ ရက်နေ့မှစတင်ပြီး တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျွန်းကုန်းကျေးရွာနှင့်ရွေလောင်းကျေးရွာမှ ကြံခိုင်မှုမရှိသော အိမ်အလုံး(၃၀၀)အားပြုပြင်အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)