တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ဒေသတွင်းက ခရီးစဉ်နေရာအသီးသီးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက် ရည်ရွယ်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပြုလုပ်နိုင်ခဲ့သည်မှာ (၁၂) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊  ဟိုတယ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင် တည်ဆောက်ခွင့်ပြု (၉) ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် (၁၀) ခု၊ အဆင့်မြင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်အသစ်(၂)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ် (၂ဝ) ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်အသစ် (၂) ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း (၃၂)ခု၊ အဆင့်မြင့်တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်သက်တမ်း တိုးခြင်းအတွက် ခွင့်ပြု (၅) ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း (၂၈) ခု၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း (၇၂) ခုတို့ကို စိစစ်ခွင့်ပြုပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်နိုင်ရန်အတွက် အခြေအနေကောင်းများစွာရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသည့် သဘာဝအရင်းအမြစ်များ၊ မြိတ်ကျွန်းစုပင်လယ်ပြင်သာယာလှပမှုပုံရိပ် ကောင်းများ ကိုအကျိုးရှိစွာအသုံးချပြီးခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်ဝိုင်းဝန်းကြိုးပမ်း အကောင် အထည်ဖော်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍသည် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုဖြစ်ပေါ်နိုင်စေရန် နိုင်ငံခြားဝင်ငွေကိုရှာဖွေပေးနိုင်ရုံသာမက စီးပွားရေးလုပ်ငန်းအမျိုးမျိုးကိုလည်း အထောက်အပံ့ပြုပေးနိုင်သည့်အပြင် ဒေသခံလူမှုအဖွဲ့အစည်းများအတွက် အပိုဝင်ငွေများရရှိစေနိုင်သည့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ဖန်တီးပေးနိုင်တဲ့လုပ်ငန်းကဏ္ဍတစ်ခုလည်းဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်နွှယ်နေသည့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကကဏ္ဍမှတာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ရန် ရှိရင်းစွဲနေရာများကို ရေရှည်တည်တံ့အောင်ဝိုင်းဝန်းထိန်းသိမ်းသွားကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ များစွာအထောက်အပံ့ဖြစ်စေနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့် ဒေသတွင်းခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ရန် ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက် ပေး ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်းဆက်စပ်ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပမှမိတ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရဌာနများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ဒေသခံများနှင့်ပူးပေါင်းပြီး စဉ်ဆက်မပြတ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်လုပ်ငန်းကော်မတီဒုတိယဥက္ကဌ၊တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကော်မတီမှ ဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာအမှာစာများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များ အပေါ်တွင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)