တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဒီပလိုမာ(ပထမနှစ်)မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားအားတက်ရောက်၊ မိုးစပါး(ရေကျနောက်စိုက်)စံကွက်ရိတ်သိမ်းပွဲတက်ရောက်အားပေး

ပုသိမ် ဇန်နဝါရီ ၂၀

၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဒီပလိုမာ(ပထမနှစ်)မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်းမြ)၊ မြကျွန်းရွှေဝါခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား ကျောင်းသား၊ ကျောင်းသူများက “အလှပန်းအစဉ်ဖြာဝေ” ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန်နှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ စိုက်ဧကများတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏စပါးကျီဟု တင်စားရသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါးစိုက်ပျိုးဧက(၅၂)သိန်းကျော်ရှိပြီး စပါးတင်းသိန်းပေါင်း လေးထောင်ကျော်ထွက်ရှိပါကြောင်း၊ ပြီးခဲ့သည့်မိုးစပါးစိုက်ရာသီတွင်  ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရန်အတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့သည် သင်တန်းကာလ သုံးနှစ်ပညာဆည်းပူးပြီးပါက ဒီပလိုမာလက်မှတ်ရရှိမည်ဖြစ်ပြီး အလယ်အလတ်အဆင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များဖြစ်လာကြမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် သင်ကြားပို့ချသည့် ဘာသာရပ်များကို တတ်သိနားလည်အောင်ကြိုးပမ်းသင်ယူဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ မောင်မယ်တို့သည် ခေတ်မီသည့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများထံသို့ အရောက်ဖြန့်ဝေပေးကြရမည်ဖြစ်ပြီး တောင်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက်ပေးကြရမည့်သူများလည်းဖြစ်ပါကြောင်း၊ မောင်မယ်တို့အနေဖြင့် ပညာသင်စဉ်ကာလတစ်လျှောက် ကျောင်းတော်ကြီးမှချမှတ်ထားသော စည်းကမ်းများကို တိကျစွာလေးစားလိုက်နာကြပြီး ပညာထူးချွန်၍ နိုင်ငံတော်အတွက်အားထားရသော စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များဖြစ်လာစေရေးကြိုးစားကြရန်လိုပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားများပြောကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုများချီးမြှင့်ခဲ့သည်။

ဆက်လက်၍  စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နိုင်ငံတော်အဆင့်၊ (၂၄)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးကဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက် ကပြမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်းမြ) မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရင်းနှီးနွေးထွေးစွာ နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာအုပ်စုရှိ တောင်သူဦးကံမြင့်၏ လယ်ဧက(၆)ဧက၌ ပြုလုပ်သည့် မိုးစပါး(ရေကျနောက်စိုက်) ရွှေသွယ်ရင်စပါး စံကွက်ရိတ်သိမ်းပွဲသို့တက်ရောက်၍  ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ အထွက်တိုးမျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရန်၊ သဘာဝမြေသြဇာနှင့်ဓါတ်မြေသြဇာများ အချိန်ကိုက် အချိုးကျထည့်သွင်းရန်၊ သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာ အုပ်စုရှိ တောင်သူဦးမြင့်စိုး၏ စိုက်ဧက(၁၀)ဧကတွင် စိုက်ပျိုးထားသည့် super sun 41 နေကြာ စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးရန်မှာကြားခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)