ထားဝယ် ဇန်နဝါရီ ၂၀
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာပြုစုထုတ်ပြန်ခြင်းစသည့် လုပ်ငန်းစဉ် (၄) ရပ်နှင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာတည်နေရာ Point ကောက်ယူခြင်း၊ မြို့ပြရပ်ကွက်များတွင် Census Units ရေးဆွဲခြင်း၊ စမ်းသပ်သန်းခေါင်စာရင်းအား Mobile Tablet များဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ကော့သောင်းမြို့နယ်ရှိ ဘုရင့်နောင်ရပ်ကွက်နှင့် ပုလုံးတုံတုံးကျေးရွာများတွင် ကောက်ကွက်(၃) ကွက်ကို ၂၀၂၃ ရက် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်ထိ တစ်အိမ်တက်ဆင်းရာနှုန်းပြည့် အောင်မြင်စွာ ကောက်ယူခဲ့ပြီးဖြစ်ကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာသော အားနည်းချက်၊ အားသာချက်များအပေါ်သုံးသပ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက သန်းခေါင်စာရင်းမေးခွန်းပုံစံ ပြင်ဆင်အတည်ပြုခြင်း၊ စာရင်း ကောက်ကွက် ဖွဲ့စည်းခြင်းနှင့်အဆောက်အအုံစာရင်းတင်ခြင်း၊ CAPI နည်းစနစ်များကို ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် ပင်မသန်းခေါင်စာရင်းအတွက် အသင့်ဖြစ်အောင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းအနေဖြင့် Census Units ရေးဆွဲပြီးဖြစ်သည့် မြို့ပြရပ်ကွက်များတွင် အဆောက်အအုံစာရင်းတင်ခြင်လုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်မှ မတ်လကုန်အထိ ပြီးစီးအောင် ဆောင်ရွက်သွားဖြစ်ကြောင်း၊ ဒါ့အပြင် စာရင်းစစ်၊ စာရင်းကောက်များ တာဝန်ပေးအပ်နိုင်ရေးကိစ္စ၊ သန်းခေါင်စာရင်းကောက်ယူတဲ့အခါ အချက်အလက်များအား နေပြည်တော်ရှိ Database Server သို့ ပေးပို့ရာမှာ ဆိုက်ဘာလုံခြုံရေးအတွက် Emergency Response Team ဖွဲ့စည်းနိုင်ရေးနှင့် သန်းခေါင်စာရင်းအကြောင်းပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးရေးနှင့် လှုံ့ဆော်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် (၁၀) လသာကျန်ရှိသောကြောင့် ယခုကတည်းကစ၍ အစစအရာရာ အသေးစိတ်ကြိုတင်ပြင်ဆင်ထားရှိမှသာ ၂၀၂၄ ခုနှစ်တွင်ကောက်ယူမယ့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ချောမွေ့စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးဦးသန့်ဇင်က နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံအသုံးပြုရသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကိုရရှိရန် စသည့်ရည်ရွယ်ချက်ဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်ကြောင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)