ကျောင်းကုန်း ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ အ.ထ.က(၁)ကျောင်းရှေ့၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်၊ ကျောင်းအကျိုးဆောင်နာယကဦးခင်စိုးနှင့် ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အား Grade-6 မှ ကျောင်းသူလေးများက "ကြိဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်းက ယခုလိုစည်ကားသိုက်မြိုက်စွာကျင်းပနိုင်တာ အလွန်ဝမ်းမြောက်ပါကြောင်း၊ ချီးမြှင့်ထိုက်သူများကို ချီးမြှောက်တဲ့ပွဲဖြစ်ပါကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က ကျောင်းစာတော်ရုံသာမကပဲ အားကစား၊ စာပေအနုပညာ ဘက်စုံတော်သူများကို စုံညီပွဲတော်တွင်ဆုချီးမြှင့်ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီးဦးဆန်းထွန်းက ယခုလိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းဟာ ကျောင်းသားမိဘများ ပူးပေါင်းပါဝင် ကူညီလှူဒါန်းခြင်းကြောင့်ဖြစ်ကြောင်း၊ အခမ်းအနားသို့တက်ရောက်ပေးပါသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဖျော်ဖြေရေးအစီအစဉ်အဖြစ် Grade-11 မှ မကေသရီသော်က " ဘယ်ပန်းချီ ရေးလို့မမှီ"သီချင်းအား တီးခတ်သီဆိုခဲ့ပြီး ကာယ/ဉာဏ ထူးချွန်သော ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ KG မှ Grade-12 ထိ ကျောင်းသားကျောင်းသူလေးများက ဖျော်ဖြေရေးအဖွဲ့(၂၇)ဖွဲ့ဖြင့် ကပြသီဆိုခဲ့ကြရာ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသားမိဘများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)