မူလွန်-ကျွေးချောင်းကျောင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ပြသ

ဘုတ်ပြင်း ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ပြသခြင်းကို ယမန်နေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင် (၁) ကျေးရွာ မူလွန်-ကျွေးချောင်းကျောင်းတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးထင်ကျော်လွင်က မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ပြောကြားသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ ကျောင်းသား ကျောင်းသူလူငယ်လူရွယ်များအနေဖြစ် မျိုးဆက်သစ်တို့ ဆက်လက်ထိန်းသိမ်းရမည့် နေ့ထူးနေ့မြတ်များအကြောင်းအား အသိပညာပေး ပြောကြားသည်။

ဆက်လက်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပခဲ့ပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များ ခင်ကျင်းပြသထားရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။

မြို့နယ်( ပြန်/ဆက်)