မုံရွာခရိုင်၌ ယခုနှစ် ဆောင်းသီးနှံစုံ  ၄၃၉၇၁၄ ဧကစိုက်ပျိုးပြီးစီး 

မုံရွာ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်စသည့် (၄)မြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းသီးနှံစုံဧကလေးသိန်းကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မုံရွာခရိုင်ချုပ်အနေဖြင့် ဆောင်းသီးနှံစုံ ၄၄၆၄၂၉ ဧကစိုက်ပျိုးရန် လျာထားခဲ့ပြီး ၄၃၉၇၁၄ ဧကအထိ စိုက်ပျိုးပြီးပါခဲ့ကြောင်း၊   ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

ခရိုင်အတွင်းရှိမြို့နယ်(၄)ခုတွင် စိုက်ပျိုးပြီးသော ဆောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးများနှင့်ဝန်ထမ်းများက ပိုမွှားကျရောက်မှုကင်းထောက်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျရောစပ်အသုံးပြုနည်း၊ စိုက်စနစ်မှန်ကန်ရေး၊ အထွက်ကောင်းမျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ သီးနှံအလေအလွင့်မရှိအောင် ရိတ်သိမ်းချိန်လွန်နည်းပညာများစသည့် စိုက်ပျိုးရေးနည်းပညာများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း  ၎င်းကဆက်လက်ပြောကြားသည်။

မုံရွာခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံစုံ စိုက်ပျိုးမှုအဖြစ် ပဲမျိုးစုံ ၁၇၆၇၄၉ ဧက၊ ဆီထွက်သီးနှံစုံ ၁၄၀၁၀၈ ဧက၊ စားဖိုဆောင်သီးနှံ  ၁၄၀၁၅ ဧက၊ အခြားသီးနှံပေါင်း ၁၀၈၈၄၂ ဧက၊ စုစုပေါင်း ၄၃၉၇၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိနေကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)