တွန်းဇံမြို့ Community Centre ခန်းမတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများက စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲပြုလုပ်

တွန်းဇံ ဇန်နဝါရီ ၂၀

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ လူငယ်များစာဖတ်သည့်အလေ့အထရရှိလာစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများက ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာတွင် စာရေးသူလူထုစိန်ဝင်းရေးသားသည့် ပန်းတိုင်ကဘာလဲနှင့်အခြားဆောင်းပါးများစာအုပ်မှ "ဝါသနာကိုပြုစုပျိုးထောင်ပါ" ခေါင်းစဉ်ကို ဦးထောင်းခန့်ကျင့်(Book Club အဖွဲ့ဝင်)က ဖတ်ကြားဆွေးနွေးပြီးနောက် မမန်းရှင်းဆုန်က "အဆိုးထဲကလည်းပညာရပါတယ်" ခေါင်းစဉ်ဖြင့်ဆွေးနွေးကြသည်။

စာဖတ်ဝိုင်းပြုလုပ်ရာတွင်  Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများက မိမိတို့ဘဝကိုမြှင့်တင်နိုင်ဖို့ စာဖတ်သည့်အလေ့အကျင့်ကိုမွေးမြူပြီး မိမိတို့၏ဘဝအတွက် ဝါသနာအရမည်သို့သောပန်းတိုင်ထားသင့်သည်ကို အချင်းချင်းဖလှယ်၍ အပြန်အလှန် ဆွေးနွေး‌ခဲ့ကြကြောင်း သိရသည်။

ဇိုဇွန်းပါလ်(ပြန်/ဆက်)