ဟင်္သာတ ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံ ထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းတို့ကို ယမန်နေ့ မွန်းလွဲ၁နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ဆက်ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မြို့နယ်အားကစားမှူး ဒေါ်ဖြိုးစန္ဒာဝင်းက ယနေ့လူငယ်နှင့် အားကစား အကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီးကျောင်းသားကျောင်းသူများမှ လူငယ်နှင့်အင်တာနက်၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစားစသည့်ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့်ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ပြီး ပါဝင်ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)