မုံရွာ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအနေဖြင့် ဒေသတွင်းလူငယ်များ စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ရေး ကွန်ပျူတာအခြေခံသင်တန်းများအား ဖွင့်လှစ်ပေးလျက်ရှိပြီး အဆင့်မြင့်ကွန်ပျူတာသင်တန်းများကိုလည်း ဖွင့်လှစ်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများ၊ ကွန်ပျူတာနည်းပြများနှင့် အကျိုးရှိရှိထိထိရောက်ရောက် သင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ လူငယ်များအနေဖြင့် ကွန်ပျူတာနည်းပညာဘာသာရပ်များ ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်မှသာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကြပြီး နည်းပညာဘက်တွင်လည်း ကျွမ်းကျွမ်းကျင်ကျင်၊ မှန်မှန်ကန်ကန် အသုံးပြုနိုင်ကြမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိသည့်နည်းတူ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် ဘက်ပေါင်းစုံမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အနာဂတ်တွင် နိုင်ငံတော်တာဝန်များအား ပခုံးပြောင်းထမ်းဆောင်ကြရမည့် နိုင်ငံတော်၏ ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်လူရွယ်များအား အသိပညာ၊ အတတ်ပညာများ တိုးပွားရရှိအောင်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အားပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အရည်အချင်းရှိသည့်သူများ ဖြစ်လာမှသာလျှင် မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိတိုင်းပြည်၊ မိမိနိုင်ငံ၏အကျိုးကို သယ်ပိုးထမ်းရွက်နိုင်သည့် စွမ်းရည်ပြည့်ဝသည့် လူတော်လူကောင်းများဖြစ်လာမှာဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ကွန်ပျူတာအခြေခံသင်တန်းတွင် လာရောက်ပညာသင်ယူကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ရရှိသည့်အခွင့်အရေးကို မိမိရရအသုံးချကာ ကြိုးစားသင်ယူသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိထံ သင်တန်းသား၊ သင်တန်းသူများအတွက် ငွေကျပ် - ၁၂၂၄၅၀၀ (တစ်ဆယ့်နှစ်သိန်းနှစ်သောင်းလေးထောင်ငါးရာကျပ်) အား ထောက်ပံ့ပေးအပ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ပျူတာအခြေခံသင်ကြားနေမှုနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာနရုံးရှိ (Community Centre) ခန်းမအတွင်းရှိ ပြခန်းငယ်၊ ကလေးစာဖတ်ခန်းနှင့် စာကြည့်တိုက်တို့အား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
အဆိုပါ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းများအား တိုင်းဒေသကြီးအတွင်းရှိ ကလေး၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုမြို့နယ်များရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) များတွင် တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ကြပြီး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၉၂ ဦး တက်ရောက်သွားမည်ဖြစ်ရာ သင်တန်းကာလ ၁ လအကြာ စာတွေ့၊ လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်