ပေါင်းတည် ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က( ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အ.ထ.က (မြို့မ) ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောက ပညာရေးစုံညီပွဲတော်များ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပညာရည်ချွန်ဆုများ၊ စာပေဆုများ၊ သင်ကြားရေးဆုများ၊ ကျောင်းသာယာစိုပြေမှုဆုများ၊ သင်ထောက်ကူဆုများ၊ အားကစားဆုများနှင့် ဂုဏ်ပြုလွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေး များက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ပေးကြသည်။
ထို့နောက် အ.လ.က (ကြူတောကန်) ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆိုကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက် )