ဒေးဒရဲမြို့နယ်၌ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရေး လူငယ်ရေးရာဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ဒေးဒရဲ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန်နှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍  လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲက တော်ကမယ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးကြည်သင်းက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ ကျောင်းစာအပြင် စာရိတ္တကောင်းမွန်သည့် လူချွန်လူကောင်းများ ဖြစ်ပေါ်လာစေရန် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်နိုင်မည့် လူငယ်များ ဖြစ်ပေါ်လာစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချပြီး ယဥ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သော လူတော်လူကောင်းများဖြစ်ပေါ်လာစေရေး၊ လူငယ်များ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက်စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များပေါ်ထွက်လာစေရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကိုဆွေးနွေးခဲ့ပြီး လူငယ်နှင့် မူးယစ်ဆေးခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း