ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကွန်ပျူတာ အ‌ခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ကသာ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီ‌ထောက်ပံ့မှု၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က အဆိုပါကွန်ပျူတာသင်တန်းသည် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ နည်းပညာနှင့် အကျွမ်းတဝင်ဖြစ်စေရန်၊ ကွန်ပျူတာပညာရပ်ကို စနစ်တကျလေ့လာနိုင်စေရန်နှင့် ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွန်ပျူတာအခြေခံသင်တန်း အပတ်စဉ်(၁/၂၀၂၄)ကို ယခုလမှစ၍ ဖွင့်လှစ်ပေးလျက်ရှိကြောင်းနှင့် တက်ရောက်ကြသည့် သင်တန်းသားများအနေဖြင့် သေချာစွာ သင်ယူကြရန်မှာကြားခဲ့သည်။

ထို့နောက် ကွန်ပျူတာအခြေခံသင်တန်း(၁/၂၀၂၄)တွင် သင်ကြားသွားမည့် ဘာသာရပ်များနှင့်ပတ်သက်၍ သင်တန်းနည်းပြဆရာ ဦးသျှားညိုက ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သင်တန်းသား/ သင်တန်းသူ(၁၀)ဦးဖြင့် နှစ်ပိုင်းခွဲ၍ နံနက်(၈)နာရီမှ (၉)နာရီအထိ သင်တန်းသား/ သင်တန်းသူ (၅)ဦးဖြင့်လည်းကောင်း၊ နေ့လည် (၁)နာရီမှ (၂)နာရီအထိ သင်တန်းသား/ သင်တန်းသူ (၅)ဦးဖြင့်လည်းကောင်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ကသာ)