ကျုံ‌ပျော်ခရိုင် ၊ အထက(၁)ကျုံပျော်၏ ပညာရေးစုံညီပွဲတော် အခမ်းအနား စည်ကားစွာကျင်းပ

ကျုံပျော် ဇန်နဝါရီ ၁၉

ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရန်၊ ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ပိုမိုပေါ်ထွန်းလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၂၀၂၃ -၂၀၂၄  ပညာသင်နှစ်၊  ပညာရေးစုံညီပွဲတော်ကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက စည်ကားစွာ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အထက(၁) ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ပညာသီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ ကျုံပျော်ခရိုင် ၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးရန်နိုင်ဝင်းက စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ရန်နှင့် တိုင်းပြည်အနာဂတ်အတွက် အားထားရသည့် သားသမီး ရတနာများဖြစ်အောင် ကြိုးစားကြရန်တို့ကို အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်  မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသန်းဦးက စုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍၎င်း၊ မိဘ၊ ဆရာ၊ ကျောင်းသား  ပူးပေါင်း၍ အကျင့်စာရိတ္တ ကောင်းမွန်သည့်   ပညာတတ်လူငယ်များ ဖြစ်လာရေး ဝိုင်းဝန်း ကြိုးစားကြရန်တို့ကို၎င်း အမှာစကား ပြောကြားကာ၊ ကျောင်းအကျိုးဆောင်ဥက္ကဋ္ဌ ဦးသန်းထွန်းက ကျောင်းဖွံ့ဖြိုးရေးဆိုင်ရာ များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဘာသာရပ်ဆိုင်ရာ ထူးချွန်စွာ သင်ကြားခဲ့သည့် ဆရာ၊ ဆရာမများ၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့်  ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်‌ရေးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊  အင်္ဂလိပ်စာ၊ သင်္ချာ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့်  အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲများတွင် တိုင်း၊ခရိုင်နှင့် မြို့နယ်အဆင့် ဘောလုံး၊ ဘောဘီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ပြေးခုန်ပစ် စသည့်အားကစားနည်းများ၌ ထူးချွန်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် ‌ကျောင်းသား၊ ကျောင်းသူ ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် အာဟာရကျွေးမွေး လှူဒါန်းပေးသော အလှူရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကာ ကျောင်းအုပ်ဆရာကြီး ဦးလှနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် Grade - 9 မှ ကျောင်းသား၊သူလေးများက “ဘက်စုံပညာရည် ဒို့လှမ်းချီ သီချင်းသီဆို၍ အခမ်းအနား  အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)