တမူးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

တမူး ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌  ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ ကျောင်းသူများမှ "ကြိုဆိုပါသည်စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် ခရိုင်ပညာရေးမှူး ဦးဟန်ရွှေက ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ရသ၊ သက်မွေးဘက်စုံပညာရေး၊ စိတ်ဓာတ်၊ စည်းကမ်းကိုအခြေခံ၍ ပညာပြည့်ဝသည့် ကျောင်းသား/ ကျောင်းသူများ ​ပေါ်ထွန်းလာစေရေး၊ မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဘက်စုံဖွံ့ဖြိုးသောကျောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေးလုပ်ကိုင်သင့်သည့် သင်ကြားသင်ယူမှုလုပ်ငန်းစဥ်၊ စီမံခန့်ခွဲမှုလုပ်ငန်းစဥ်နှင့် စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဥ်တို့ ဟန်ချက်ညီညီဖွံ့ဖြိုးမှသာ ပညာရေးဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံး အလေးနက်ထားပြီး ကျင်းပပြုလုပ်နေသော ပညာရေးစုံညီပွဲတော်ကို အနှစ်သာရပြည့်ဝအောင် ပို၍စည်ကားသိုက်မြိုက်အောင် အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်တို့ကို အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ၊ မြို့နယ်အဆင့် ဘက်စုံထူးချွန်ဆုရကျောင်းသား/ ကျောင်းသူများနှင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့​ကြပြီး ကျောင်းအသီးသီးမှ ကျောင်းသား/ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းအုပ်​ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ  တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ရတနာ