ဝေါမြို့နယ် အ-လ-က အထက်ဝိုင်းပါတ်ကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ဝေါ    ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာ များဖလှယ်နိုင်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်း ၁၀း၀၀ နာရီတွင် ဝေါမြို့အခြေခံပညာအလယ်တန်းကျောင်းအထက်ဝိုင်းပါတ်၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဇာဇာဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က Moderator အဖြစ်ဆောင်ရွက်ပေးပြီး အခြေခံပညာအလယ်တန်းကျောင်းအထက်ဝိုင်းပါတ်မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-9 မှ မဝိုင်းစုခိုင်က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -9 မှ မောင်သုတလင်းသန့်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မောင်ဉာဏ်လင်းထက်က လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-9 မှ မခိုင်ခင်စိုးက လူငယ်နှင့်ပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ မစုမြတ်နိုးက လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပေးသည်။

ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်များအား တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)