ပဲခူး ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ သရက်ကုန်း(ကရင်)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အခြခံပညာကျောင်းများမှာ ပညာသင်ကြားနေသည့် တိုင်းရင်းသားကျောင်းသား/သူများ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် လိုက်နာကျင့်သုံးရမည့်နည်းလမ်းတွေကို သိရှိစေရန်အတွက် ဟောပြောပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာများသာမက ဗဟုသုတရရှိစေမည့်စာတွေကို ရွေးချယ်ဖတ်ခြင်း၊ ကိုယ်ကာယကျန်းမာစေရန်အတွက် အားကစားများပြုလုပ်ခြင်း၊ အစားအစာတွေစားသည့်အခါတွင်လည်း သန့်ရှင်းလတ်ဆတ်သည့် မြန်မာ့ရိုးရာမုန့်များနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာတွေရွေးချယ်စားသောက်ခြင်း၊ လူမိုက်တွေနှင့်မပေါင်းဘဲ အကြံကောင်းဥာဏ်ကောင်းပေးနိုင်သည့် လူလိမ္မာသူတော်ကောင်းများနှင့် ပေါင်းသင်းခြင်း စတာတွေကိုလိုက်နာကျင့်သုံးမယ်ဆိုရင် ဗလငါးတန်နှင့်ပြည့်စုံသည့် အတွေးအခေါ်မြင့်မားသည့် ခေါင်းဆောင်ကောင်းများဖြစ်လာမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် သရက်ကုန်း(ကရင်)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကရင်ဘာသာစာပေသင်ဆရာမနော်နေဂေးဘာဘလုက "ဗလငါးတန်ဖွံ့ဖြိုးရန်"ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ)ဆရာကြီးဦးခင်အောင်ရီက "ဗလငါးတန်နှင့်ပြည့်စုံသောကျောင်းသားလူငယ်များဖြစ်စေရေး"
ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်သန္တာက "ကလေးများရဲ့ဖွံ့ဖြိုးမှု"ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်အားကစားမှူးဒေါ်သန္တာဝင်းက "လူငယ်ဘဝ"ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးဒေါ်မေသန်းနိုင်က "အစားအသောက်ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ကျန်းမာကြံ့ခိုင်ကာယဗလမဏ္ဍိုင်ဆက်နွယ်မှု"ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေးဟောပြောကြသည်။
ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်မှ အသိပညာပေးဟောပြောပို့ချပေးသူများအား အမှတ်တရလက်ဆောင်များပေးအပ်ကာ ပဲခူးတိုင်းဒေသကြီးတိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်နီနီဝင်းသန်းမှ သရက်ကုန်(ကရင်)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များနှင့် အလှူငွေကျပ်(၁)သိန်းတို့အား ကျောင်းအုပ်ဆရာမကြီးထံပေးအပ်လှူဒါန်းပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာများ၊ ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီဝင်များ၊ တိုင်းရင်းသားဘာသာသင်ဆရာ၊ ဆရာမများ၊ ပဲခူးမြို့နယ်ပညာရေးမှူး၊ သရက်ကုန်း(ကရင်)ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)