မြိတ် ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စည်းကမ်းပြည့်ဝပြီး တက္ကသိုလ်အားကစားမှ နိုင်ငံဂုဏ်ဆောင်နိုင်သည့်အထိ မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေးအတွက် ကျင်းပလျက်ရှိသည့် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်အားကစားကွင်းတွင် ကျင်းပသည်။
ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ (၄၀၀)၊ မီတာ(၈၀၀)၊ မီတာ(၁၅၀၀) အပြေးပြိုင်ပွဲများ၊ သံလုံးပစ်ပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ မီတာ(၁၀၀)လက်ဆင့်ကမ်းပြေးပြိုင်ပွဲ၊ မီတာ(၄၀၀) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲများကို ဇန်နဝါရီ(၁၇)ရက်နှင့်(၁၈)ရက်တို့တွင် ကျင်းပခဲ့ရာ ဘာသာရပ်ဌာနအသီးသီးမှ ပြေးခုန်ပစ်အားကစားသမားများ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဆုချီးမြှင့်ပွဲတွင် မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ပြိုင်ပွဲဝင်အားကစားသမားများအား ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထိုနောက် ပြိုင်ပွဲတလျှောက် တာဝန်ယူဆောင်ရွက်ပေးကြသော ဒိုင်အဖွဲ့အားဂုဏ်ပြုဆု၊ ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အားကစားသမားများအား ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်နှင့် တာဝန်ရှိသူများက လည်ဆွဲဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် အမှတ်အများဆုံးနှင့်ပထမဆုရရှိခဲ့သော ရူပဗေဒဌာနအသင်းအား တက္ကသိုလ်ပါမောက္ခချုပ်က တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)