စစ်ကိုင်း ဇန်နဝါရီ ၁၉
စစ်ကိုင်းမြို့တွင် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်း ပွဲကို ဇန်နဝါရီ (၁၉) ရက်၊ နံနက် (၁၀) နာရီက စစ်ကိုင်းမူလတန်းကြိုကျောင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းမှ ရရှိတဲ့ အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတအတွေ့အကြုံများကို မိမိကျောင်း၊ မိမိအိမ်၊ မိမိပတ်ဝန်းကျင်တွင် အသုံးပြုခြင်းဖြင့် ရှေးဦးအရွယ်ကလေးသူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုရရှိစေမှာဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးငယ်များအတွက် သင်တန်းသား/ သင်တန်းသူများမှလည်း သင်တန်းကရရှိခဲ့သည့် ECCD နည်းစနစ်ဖြင့်ဘက်ပေါင်းစုံလွှမ်းခြုံ၍ အရည်အသွေးပြည့်ဝသော ကလေးငယ်များပေါ်ထွန်းလာစေရန် ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ အဟာရပြည့်ဝခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းခြင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းပူးပေါင်းပြုစုပျိုးထောင် ပေးကြပါလို့ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား ပေးအပ်ခဲ့ပြီး သင်တန်းသားများကပုံပြင်နှင့် အကပဒေသာများဖြင့် သီဆိုကပြပေးခဲ့ကြကာ ပြသထားသည့် ပန်းချီ၊ ပိုစတာများနှင့် လက်မှုပညာစက္ကူအရုပ်များအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)