ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း ကန်တုံကွင်း၊ မုတ်လွှဲကွင်းတို့တွင် လယ်သီးထပ်ဆောင်းသီးနှံစိုက်ခင်းများစိုက်ပျိုးဆောင်ရွက်နေမှုနှင့် အသားတိုးကြက်မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ ၁၉

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် လယ်မြေ၊ ဥယျာဉ်ခြံများတွင် သီးထပ်သီးနှံများ တိုးမြှင့်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇန်နဝါရီ ၁၈ ရက် ညနေ ၃ နာရီတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ စိုက်ကွင်းများအတွင်း လယ်သီးထပ်ဆောင်းသီးနှံစိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအုပ်စုရှိ ကန်တုံကွင်းအတွင်း တောင်သူ (၄) ဦး၏ မိုးစပါးစိုက်ခင်းဧက (၃၃)ဧကတွင် လယ်သီးထပ်သီးနှံ ပဲပုပ် (၁၂)ဧက စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဖရဲပျိုးပင်များ ပျိုးထောင်ဆောင်ရွက်ထား ရှိမှု၊ ဖရဲခင်းများ စနစ်တကျ စိုက်ပျိုးထားရှိမှုတို့ကို တောင်သူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး လိုအပ်သည့်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ ကွင်းအတွင်း ဧက ၅၀ နီးပါးအား ငရုတ်ပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို လည်းကောင်း၊ တောင်သူ ဦးစန်းရင်၏ လယ် (၅) ဧကတွင် ပန်းနှမ်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရိတ်သိမ်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် လိုအပ်သည့် စိုက်ပျိုး နည်းပညာလိုအပ်ချက်၊ စိုက်ပျိုးရေရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ ကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ခါးရှိကျေးရွာသို့ သွားရောက်ပြီး အဆိုပါ ကျေးရွာအတွင်း အစုအဖွဲ့ဝင် (၅)ဦးဖြင့် ပုဂ္ဂလိကပိုင် 5 star အသားတိုးကြက်မွေးမြူရေးခြံသို့ သွားရောက်ပြီး အသားတိုးကြက်ခြံ (၅)ခြံ အတွင်း အရွယ်ရောက် အသားတိုးကြက်များ စနစ်တကျ မွေးမြူဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကြက်သားပေါက်များ မွေးမြူထားရှိမှု၊ ကြက်ခြံနှင့် ကြက်စာကိုယ်တိုင် ထုတ်လုပ်ကျွေးမွေးနိုင် မှုအခြေအနေများကို တာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထိုသို့စစ်ဆေးစဥ် ဈေးကွက်တင်ပို့ရောင်းချနိုင်မှု၊ အရှုံး/ အမြတ်ရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည့် နည်းပညာများ ပံ့ပိုးကူညီပေးနိုင်ရေး၊ တိရစ္ဆာန်ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်‌ပေးခဲ့ကြကာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးက မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများကို ထောက်ပံ့လှူဒါန်း ခဲ့သည်။

ထိုမှတစ်ဆင့် ဝိုင်းမော်မြို့ မုတ်လွှဲကွင်းအနီး ဝိုင်းမော်မြို့ဝင်ဆိုင်းဘုတ်အား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မြေယာရှုခင်းပြုပြင်ပြီး အလှပန်းပင်များဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မုတ်လွှဲကွင်းအတွင်း လယ်သီးထပ်ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး၊ ကျွဲ/နွား အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်နယ်ရန်ပုံငွေဖြင့် ခြံဝင်းကာရံထားရှိမှုအခြေအနေများ၊ ပဲပုပ်ပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် စိုက်ပျိုးရေရရှိရေး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရေ တွင်းများတူးဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)