အိမ်မဲ ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာ အ.ထ.က ဘုရားကြီးကုန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီတွင် ဆောင်ရွက်ခဲ့ သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က “လူငယ်နှင့် ရည်မှန်းချက်”၊ “လူငယ်နှင့် မူးယစ်ဆေးဝါး”၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက “လူငယ်နှင့် အားကစား”၊ “ အားကစားနည်း (၄)မျိုးအကြောင်းတို့ကို အကျယ်တဝင့်အသီးသီး ဟောပြောခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အားကစား ဆောင်ရွက်နိုင်ရန် အားကစားပစ္စည်းများကို လှူဒါန်းပေးခဲ့ရာ အ.ထ.က ဘုရားကြီးကုန်း ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာမည်ဖြစ်ပြီး ဟောပြောပွဲသို့အထက ဘုရားကြီးကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)