အ.ထ.က ငါးသိုင်းချောင်းမြို့တွင် လူငယ်စကားဝိုင်းကျင်းပ

ငါးသိုင်းချောင်း ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉:၃၀)နာရီတွင် အ.ထ.က(ငါးသိုင်းချောင်း)၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် ငါးသိုင်းချောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဇာဇာလှိုင်နှင့် ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးတို့က လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးပြီး ကျောင်းသား ကျောင်းသူငါးဦးတို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြကာ တက်ရောက်လာကြသည့် ကျောင်းသား/သူများ၏ သိရှိလိုသည်များကို ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားကြသည်။
ထို့ နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသူများက ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)