စစ်ကိုင်းခရိုင်ရုံး Community Centre တွင် အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၄)ဖွင့်လှစ်

စစ်ကိုင်း ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက် နံနက်(၉)နာရီအချိန်က စစ်ကိုင်းခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားရာတွင် ဒေသတွင်းလူငယ်များ အခြေခံကွန်ပျူတာပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်ရန်၊ ဒေသတွင်းရှိ ဝန်ထမ်းများနှင့်လူငယ်များ ကွန်ပျူတာပညာဖြင့် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်၊ ကွန်ပျူတာပညာရပ်ဖြင့် မိမိတို့ဌာနလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်စေရန်၊ လုပ်ငန်းခွင် နယ်ပယ်များအားလုံးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခြေခံကွန်ပျူတာသင်တန်းသို့ စစ်ကိုင်းခရိုင် အတွင်းရှိဌာနများမှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ပြီး၊ သင်တန်းကာလ(၁)လကြာ သင်ကြားပို့ချပေးမှာ ဖြစ်ကြောင်း သိရှိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ ဆက်)