ကျောက်တံခါးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲများပြုလုပ်

ကျောက်တံခါး ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲများကို ယမန်နေ့နေ့လယ်က အ-လ-က(မင်းတန်း)နှင့် အ-လ-က(ဒိုးတန်း)ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်‌စန်းတင့်က ယနေ့ခေတ်လူငယ်နှင့်(Social media)အကြောင်း၊ အသိပညာဗဟုသုတများတိုးပွား၍ အမှား၊ အမှန်အကောင်းအဆိုးကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် လူငယ်များဖြစ်လာစေရန် စာဖတ်သည့်အလေ့အကျင့်များပျိုးထောင်ရန်" စာအုပ်စာပေလူ့မိတ်ဆွေ"ဟူသည့်အတိုင်း အကျိုးရှိသောစာကောင်းပေမွန်များ ဖတ်ရှုကြရန်တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဒေါ်နုနုခင်က လူငယ်များအနေနှင့်အသက်အရွယ်အလိုက်ကစားသင့်သည့် အားကစားများ၊ နည်းမှန်စနစ်မှန်ကစားရန် လိုအပ်သည့်အချက်များ၊ အားကစားသိပ္ပံအကြောင်းအသိပညာပေးဟောပြောပြီး နည်းစနစ်မှူးဒေါ်မိုးသူဇာက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသရုပ်ပြ ကစားကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များသိသင့်သိထိုက်သည့်အသိပညာပေးနံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)