ပွင့်ဖြူမြို့နယ်၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ အောက်တိုဘာ  ၂၈


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယ အကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး က ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း ၏ ရည်ရွယ်ချက်နှင့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ မဲပေးနိုင်ရေးအတွက် လုံခြုံရေး ကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်သွားကြရန်  ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးစိုးကျော်သူက မိမိတို့ မြို့နယ် အနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအနေဖြင့် ကြိုတင်ပြင်ထားသင့်သည့် မဲရုံအတွင်း ၊ အပြင် တာဝန်ခွဲဝေ ပေးခြင်း ၊ ပရဟိတအဖွဲ့များ တာဝန်ခွဲဝေခြင်း ၊ မဲလက်မှတ်များ သိမ်း ဆည်းခြင်း ၊ မဲရုံသုံးပစ္စည်းများ ဖြန့်ဝေခြင်း ၊ မဲလက်မှတ်များ  သိမ်းဆည်းခြင်း ၊ မဲရုံသုံး ပစ္စည်းများ ဖြန့်ဝေခြင်း ၊ လုံခြုံရေးထားရှိခြင်း ၊ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် ထားရှိမှု ၊ ဆန္ဒမဲလက်မှတ်များ စစ်ဆေးသိမ်းဆည်းခြင်းနှင့် မဲရုံဆောက်လုပ်သွား မည့်အခြေ အနေများ စသည့် အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြား သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက မြို့နယ် အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိသည့်လုပ်ငန်းများကို ကဏ္ဍ အလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒနယ်မြေ(၁)တွင် မဲရုံ (၈၉)ရုံ ၊ မဲဆန္ဒနယ်မြေ(၂)တွင် မဲရုံ(၇၄)ရုံ ၊ စုစုပေါင်း မဲရုံ (၁၆၃) စီစဉ်ဆောင်ရွက်ထားရှိ ကြောင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေပေါင်း ၁၃၅၉၉၀ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဌ ဦးအောင်စန်းမြင့် ထံမှ သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )