ဘားအံ၊ အောက်တိုဘာ ၂၈
ကရင်ပြည်နယ် ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့် ကိုဗစ် ၁၉ ပိုးတွေ့လူနာများအား သီးသန့်ထားရှိမည့် အထူးကြပ်မတ်ကုသတိုးချဲ့လူနာဆောင်တွင် Oxygen ပိုက်လိုင်းသွယ်တန်းနိုင်ရန်အတွက် ရွှေမြစ်သောင်ရင်းကုမ္ပဏီလိမိတက်နှင့် City ဆီဆိုင်မိသားစုမှ ယနေ့မွန်းလွဲပိုင်းက အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် မြဝတီမြို့နေ ရွှေမြစ်သောင်ရင်းကုမ္ပဏီလိမိတက်နှင့် City ဆီဆိုင်မိသားစု ဗိုလ်မှူး စောတင်ဝင်း နှင့် ဇနီးနန်းမြင့်မြင့်ဝင်းတို့ကိုယ်စား ဒေါ်နန်းခင်ခင်လှိုင်နှင့် ဒေါ်တင်စန်းကြည်တို့က ငွေကျပ် ၃၀၀၀၀၀၀ (သိန်းသုံးဆယ်)ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အလားတူ ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှ ဒေါ်စီစီနှင့်သားသမီးမြေးမိသားစုမှ Air Vo 2 Quotation Machine (၂)လုံးနှင့် စက်အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပြီး ယနေ့မွန်းလွဲပိုင်းအချိန်ထိ ပြည်နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၇၄ ဦး ခန့် အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)