ပေါက်ခေါင်း ဇန်နဝါရီ ၁၉
၂၀၂၄ ခုနှစ် နွေစပါးသီးနှံစိုက်ပျိုးရာသီအတွက် တောင်နဝင်းရေလှောင်တမံမှ စိုက်ပျိုးရေများကို ဇန်နဝါရီ ၁၀ ရက်နေ့မှစတင်၍ တောင်သူများ၏လယ်ယာမြေများသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း ပေါက်ခေါင်းမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
တောင်နဝင်းရေလှောင်တမံမှ နွေစပါးစိုက်ပျိုးမည့် ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်မြေများသို့ သက်ဆိုင်ရာမြောင်းမကြီးများမှတစ်ဆင့် စိုက်ပျိုးရေများကိုစတင်ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နွေစပါးစိုက်ပျိုးမည့်တောင်သူများအနေဖြင့် မိမိတို့၏လယ်မြေများကို ထွန်စက်ကြီးများ၊ ကျွဲ၊ နွားတို့ဖြင့်ထွန်ယက်ထားရှိခြင်း၊ လယ်ကြားမြောင်းများကို ရေအဝင်အထွက်ကောင်းမွန်စေရန် ပြင်ဆင်ထားပြီး ဆည်ရေရောက်ရှိပါက အသင့်ပျိုးထောင်စိုက်ပျိုးရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်းနှင့် စိုက်ပျိုးမည့်မျိုးကောင်းမျိုးသန့်များကိုလည်း အဆင်သင့်ထားရှိကြောင်း တောင်သူများထံမှသိရသည်။ အဆိုပါတောင်နဝင်းရေလှောင်တမံမှ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ နွေ၊ မိုး၊ ဆောင်းစိုက်ပျိုးသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့်သီးနှံများ ရေလိုအပ်သည့်အချိန်များတွင် လယ်ယာမြေသို့ သက်ဆိုင်ရာမြောင်မကြီး၊ မြောင်းလက်တံများမှတစ်ဆင့် စနစ်တကျဖြန့်ဝေပေးလျက်ရှိသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်နွေစပါး ၁၁၃၄၄ ဧကစိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)
