နတ်မောက် ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် လိုအပ်သည့် မီးသတ်ဆေးဘူးများ၊ ရေပုံး၊ မီးချိတ်၊ မီးကတ်များ၊ လှေခါးများ၊ သဲအိတ်များ မိမိတို့၏ရုံးမျက်နှာစာနှင့် အိမ်များတွင်ထားရှိရန်၊ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးဒေသ၌ ရှင်အပါး(၅၀၀၀)ရှင်ပြုပွဲ ကျင်းပသွားမည်ဖြစ်၍ နတ်မောက်မြို့နယ်အနေဖြင့် ရှင်သာမဏေများရရှိရေး ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်၊ မြို့ပေါ်ရပ်ကွက်များရှိ လမ်းမီးတိုင်များမီးလင်းရေး သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်၊ G-12 တက္ကသိုလ်ဝင်စာမေးပွဲများ အကြိုဆန်းစစ်ချက်ဖြေဆိုရာတွင် လုံခြုံရေးများ ဂရုပြုဆောင်ရွက်ရန်၊ အပတ်စဉ်သောကြာနေ့တိုင်း ဌာနဆိုင်ရာများ သတ်မှတ်နေရာများတွင် သန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ရန်၊ မိမိလုံခြုံရေးနှင့် ရုံးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန်နှင့် နယ်မြေလုံခြုံရေးကိစ္စများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် နယ်မြေကွင်းဆင်းရာတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများကလည်း မိမိတို့ဌာနအလိုက် တင်ပြဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှဝင်း