ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း မိုးစပါးစိုက်ပျိုးခင်းများ အောင်မြင် ဖြစ်ထွန်း

ဆိပ်ဖြူ    အောက်တိုဘာ  ၂၈

မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ် ရေတင် စီမံကိန်းတွင် မိုးစပါး စိုက်ပျိုးခင်းများအောင်မြင်ဖြစ်ထွန်းလျှက် ရှိကြောင်း သိရှိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန  (ရေအရင်းအမြစ်) အောက်ဆိပ်လျှပ်စစ်မြစ်ရေ တင်စီမံကိန်း သည် ဧရာဝတီမြစ်မှ လျှပ်စစ် မြစ် ရေတင်စနစ်ဖြင့် ဒေသခံ တောင်သူများကို စိုက်ပျိုး ရေပြည့်ဝစွာရရှိရေးအတွက် စီစဉ်ဆောင်ရွက် ပေးလျှက်ရှိရာ အောက်ဆိပ် လျှပ်စစ်မြစ်ရေတင်တွင် မိုးစပါးနှင့် အခြားသီးနှံများကို ဒေသခံတောင်သူ များက စိုက်ပျိုးထုတ်လုပ်လျှက်ရှိပြီး ၂၀၂၀ မိုးစပါးကို အထွက်တိုး မျိုးစပါးဖြစ်သည့် ဧရာမင်း မျိုးစပါး (၃၅၈)ဧက၊ ဆင်းသုခ (၁၅၂) ဧက စုစုပေါင်း  (၅၁၀)ဧက စိုက်ပျိုး ထုတ်လုပ်လျှက်ရှိသည်။

စပါးစိုက်ပျိုးဧကများထဲ၌  ဆင်းသုခ ၅၈ ဧက ၊ဧရာမင်း ၂၄ ဒသမ ၅၀ ဧကကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍   လာမည့်စိုက်ပျိုးရာသီတွင် စပါးမျိုး ကောင်း မျိုးသန့်များ ဒေသခံတောင်သူများ စိုက်ပျိုးထုတ်လုပ်ခြင်း ၊ စပါးမျိုး ကာင်းမျိုးသန့်များ ဖြန့်ချိနိုင်ရေးအတွက်ရည်ရွယ်၍ စပါးမျိုးစေ့ထုတ်စိုက်ပျိုးမှုများ လည်းဆောင်ရွက်ထားရှိကြောင်း ၊ လက်ရှိမှာ ဆင်းသုခ စပါးမျိုးများမှာ လည်းအောင်မြင်ဖြစ်ထွန်း၍ မကြာမီရက်များတွင် စတင် ရိတ်သိမ်းတော့မည် ဖြစ်သလို ၊ ဧရာမင်း စပါးမျိုးများမှာလည်း စပါးအနှံများစတင်ထွက်ရှိပြီး အောင်မြင်ဖြစ် ထွန်းကြောင်း ၊ဒေသအနေဖြင့် ဧရာမင်း စပါးမျိုးကို ဈေးကွက်ရရှိမှုပိုသဖြင့် အများဆုံးစိုက်ပျိုးထုတ်လုပ်ကြကြောင်း ၊ စပါးဈေးကွက်အနေဖြင့် ယခင်နှစ် မိုးစပါးအသစ်ပေါ်ချိန်  ဆင်းသုခ စပါးတစ်တင်းလျှင် (၆၅၀၀)ကျပ် ၊ ဧရာမင်း စပါးတစ်တင်းလျှင်(၈၅၀၀)ကျပ် ဈေးရရှိခဲ့ပြီး ၊ယခု မိုးစပါးအဟောင်း ဆင်းသုခ စပါးတစ်တင်းလျှင် (၁၀၀၀၀)ကျပ် ၊ ဧရာမင်း စပါးတစ်တင်းလျှင် (၁၂၀၀၀)ကျပ်ဈေးရှိကြောင်း ၊လက်ရှိ ပေါ်မည့်စပါးများ လက်ငုပ်ဈေးထက် မလျှော့နိုင်သည့်အတွက် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုမှာ အဆင်ပြေနိုင်ကြောင်း ၊ ဧရာမင်းစပါးအောင်ရေအတွက်လည်း အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ တာဝန်ရှိသူများက စိုက်ပျိုးရေပြည့်ဝစွာဆောင်ရွက်ပေးနေသည့်အပြင် ၊မြစ်ရေတင် ဧရိယာအတွင်းမှ ဆောင်းသီးနှံ စိုက်ပျိုး ထုတ်လုပ်မည့် တောင်သူ များအတွက်ပါ စိုက်ပျိုးရေးဆောင်ရွက်ပေးလျှက်ရှိပြီး ဒေသတွင်း စိုက်ပျိုးထုတ်လုပ်လျှက်ရှိသည့် တောင်သူများအတွက် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ စိုက်ပျိုးရေပြည့်ဝစွာ ရရှိခဲ့ခြင်းကြောင့် ယခုနှစ်တောင်သူများတွေ့ကြုံခံစားရသည့် မိုးခေါင်ခြင်း ကြောင့် သီနှံစိုက်ခင်းများပျက်စီးမှုမှ ကာကွယ်နိုင်ခဲ့သလို ၊စိုက်ပျိုးသီးနှံများအောင်မြင် ဖြစ်ထွန်းပြီး ဒေသခံ တောင်သူများ ဝင်ငွေနှင့် စားသောက်မှုဖူလုံမှုများရှိသည့်အပြင် မွေးမြူထားသည့် တိရစ္ဆာန် များအတွက် ပါဖူလုံမှု ရှိသည့် အတွက် ဝမ်းသာ ပီတိဖြစ်ရကြောင်း အောက်ဆိပ်မြစ်ရေတင် ရေပေးဝေရေးကောက်မတီဝင် ဦးမြသိန်းမှ ပြောကြားသိရှိရသည်။                            

ကိုဇွဲ(အညာမြေ)