နတ်တလင်း ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စုံညီပွဲတော်အား နတ်တလင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်မိုး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးဝေစိုး၊ မြို့နယ်ပညာရေးမှူးဒေါ်အေးအေးသောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးအောင်၊ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အ.ထ.က(နတ်တလင်း)ကျောင်းမှ Grade-6 ၊ Grade-7 ကျောင်းသား၊ ကျောင်းသူကလေးများက သွေးကစကားပြောသည် သီချင်းဖြင့် ပန်းပွားအကများကပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ မနောဟဒယခန်းမ၌ကျင်းပရာ အ.ထ.က(နတ်တလင်း)မှ ဆရာမများက စုံညီပွဲတော်ဒို့နွှဲပျော် သီချင်းဖြင့်သီဆိုဖွင့်လှစ်၍ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်အေးအေးသောင်းက စုံညီပွဲတော်ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ထူးချွန်ဆရာ၊ ဆရာမများနှင့် ပညာရည်ချွန်ဆု၊ လူရည်ချွန်ဆု၊ ဝန်ထမ်းအကောင်းဆုံးဆု၊ စာစီစာကုံး၊ ပုံပြော၊ ကျပန်းစကားပြော၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး၊ ဆိုကရေးတီး၊ အားကစား၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးဆု စုစုပေါင်း(၇၁)ဆုအား နတ်တလင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးဝေစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးအောင်၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)