ငဖဲမြို့နယ် ပန်းထိန်းကျေးရွာတွင် မြေအိုးလုပ်ငန်းကို နှစ်စဥ်ရိုးရာမပျက် လုပ်ကိုင်ရောင်းချလျက်ရှိ

ငဖဲ ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပန်းထိန်းကျေးရွာသည် ပန်းထိန်းမန်းချောင်းဘေးတွင်တည်ရှိပြီး ဒေသခံတောင်သူများက လယ်ယာလုပ်ငန်း၊ ဥယျာဥ်ခြံမြေလုပ်ငန်းနှင့်အတူ ဘိုးဘွားအစဥ်အဆက် မိရိုးဖလာမိသားစုတနိုင်တပိုင်လုပ်ငန်းအဖြစ် မြေအိုးလုပ်ငန်းကို နှစ်စဥ်အစဥ်အလာမပျက် ထိန်းသိမ်းလုပ်ကိုင်ရောင်းချပြီး မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေအိုးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် ကဆုန်လကတည်းက မြေကြီးများစုဆောင်းထားရကြောင်း၊ ယခုနှစ်တွင် အိုးလုပ်ရန်မြေကြမ်းစျေးများ ကြီးမြင့်၍ သုံးဘီးကားတစ်စီးလျှင် ငွေကျပ် ၄၀၀၀၀ ခန့်ပေးရကြောင်း၊ မိုးအကုန် မိုးစပါးများ ရိတ်သိမ်းခြွေလှေ့အပြီး သီတင်းကျွတ်လတွင် မိမိတို့နေအိမ်များ၌ မြေကြီးစုဆောင်းကာ လုပ်ကိုင်ပြီး အိုးအသယ်ယူပြီး နေလှန်းပန်းထိ အိုးအကြမ်းထည်လုပ်ကိုင်ရကြောင်း၊ လုပ်ကိုင်ပြီး အိုးအကြမ်းထည်များကို ပန်းထိန်းမန်းချောင်းအတွင်းသို့ သယ်ယူပြီးနေလှန်း၍ တစ်ညတာမီးဖုတ်ရကြောင်း၊ မီးဖုတ်ရာတွင် ထင်းအသုံးမပြုဘဲ စပါးခွံ၊ သစ်ခွံ၊ ကောက်ရိုးများကို အသုံးပြု၍ မီးဖုတ်ပြီးတစ်ရက်ထားကာ ညနေပိုင်းတွင် မြေအိုးအချောထည်များရရှိကြောင်း၊ ပြုလုပ်ရောင်းချရသည့် အိုးများမှာ သောက်ရေအိုး၊ ရေခပ်အိုး၊ မီးရေအိုး၊ထန်ရည်အိုး၊ ဆီမီးခွက်၊ စုဗူး၊တာအိုး၊ အလှပန်းစိုက်အိုးနှင့် ညောင်ရေအိုးများဖြစ်၍ ပြာသိုလတွင် လုပ်ကိုင်သည့် သဲသောက်ရေအိုးမှာ လူကြိုက်များပြီး အရောင်းရဆုံးအိုးဖြစ်ကာ ငဖဲမြို့၊ ပဒါန်းကျေးရွာ၊ မန်းရွှေစက်တော်၊ ဆူးပဒေါင်းကျေးရွာ၊ မင်းလှမြို့နယ် (ကျောက်ပုံကျေးရွာ)နှင့် စေတုတ္တရာမြို့နယ်များ သို့ ဖောက်သည်ပေး ရောင်းချရကြောင်း သိရသည်။

အိုးများကို ဖောက်သည်စျေးအဖြစ် သောက်ရေအိုးတစ်လုံးလျှင် ၁၅၀၀ ကျပ်၊ ရေခပ်အိုးတစ်လုံးလျှင် ၁၀၀၀ ကျပ်၊ မီးရေအိုးတစ်လုံးလျှင် ၅၀၀ ကျပ်၊ စုဗူးတစ်လုံးလျှင် ၇၀၀ ကျပ်၊ အတာအိုးတစ်လုံးလျှင် ၄၀၀ ကျပ်၊ ညောင်ရေအိုးတစ်လုံးလျှင် ၉၀၀ ကျပ်နှင့် ထန်းရေအိုး တစ်လုံးလျှင် ၅၀၀ ကျပ် စသည်ဖြင့် ပေးပို့ရောင်းချရ၍ အိုးလုပ်ငန်းများကို တန်ခူးလကုန်လျှင် မြေအိုးလုပ်ငန်းသိမ်းကာ နှစ်စဥ်ဖောက်သည်မပျက် ဆက်လက်၍ မိသားစုများ တနိုင်တပိုင်လုပ်ကိုင်ရောင်းချနေရသောကြောင့် အပိုဝင်ငွေရ၊ စီးပွားရေးအဆင်ပြေကြောင်း ပန်းထိန်းကျေးရွာမှ မြေအိုးလုပ်ငန်းလုပ်ကိုင်ရောင်းချသူ ဦးကျောက်က ပြောကြားသည်။

မယု(ငဖဲ)