ကလိန်အောင်မြို့၌ ပြောင်းဖူးစတင်ထွက်ပေါ်ချိန်တွင် အဖူးအထွက်နှုန်း နည်းပါးသော်လည်း ဈေးကောင်းရရှိ

ကလိန်အောင် ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့ဒေသတွင် ဆောင်းသီးနှံအဖြစ် ပြောင်းဖူးအပင်များကို စိုက်ပျိုးကြရာ ပြောင်းဖူးပေါ်ချိန်၌ အထွက်နှုန်း နည်းပါး၍ ဈေးကောင်းရရှိကြကြောင်း ကလိန်အောင်မြို့ ပြောင်းစိုက်တောင်သူထံမှ သိရသည်။

“ကျနော်တို့ ဒေသမှာတော့ သကြားပြောင်းနှင့် ကောက်ညှင်းပြောင်းဟူ၍ နှစ်မျိုးကို စိုက်ပျိုးကြ၍  ဒီနှစ်မှာတော့ ပြောင်းဖူးက အောင်မြင်ဖြစ်ထွန်းမှုးမရှိဘဲ အထွက်နှုန်း နည်းသွားတယ်၊ ပြီးတော့ ပြောင်းဖူးအစေ့ အပင်အောင်မြင်လာတာနဲ့ ကြွက်တွေက စားလိုက်ဆိုတော့ မျိုးစေ့ပြန်ဝယ်ပြီး ပြန်စိုက်ပျိုးရတယ်၊ ပြောင်းဖူးမျိုးစေ့ကလည်း အရင်နှစ်ကထက်ဈေးက နှစ်ဆပိုကြီးလာတယ်၊ တစ်ဧကကိုကုန်ကျငွေက (၆)သိန်းကျပ်နီးပါးခန့် ရှိတယ်"ဟု ပြောင်းဖူးစိုက်တောင်သူ ဦးမျိုးအောင်က ပြောသည်။

ကလိန်အောင်မြို့တွင် ပြောင်းဖူးအပင်များကို ဆောင်းရာသီမှ စတင်ပြီး‌တော့ စိုက်ပျိုးကြပြီး သုံး‌လလောက်အကြာမှ အဖူးထွက်ပြီး ခူးဆွတ်ရောင်းချရတယ်ဟု ဒေသခံပြောင်းစိုက်တောင် သူပြောကြားချက်အရ သိရသည်။

အရင်နှစ်က ကလိန်အောင်မြို့မှ ထွက်ရှိသော ပြောင်းဖူးများကို ထားဝယ်မြို့နဲ့ ကံပေါက်ဒေသတို့ကို တင်ပို့ရောင်းချလျက်ရှိပြီး ဒီနှစ်တွင် မြို့ကြီးသို့ တင်ပို့ရောင်းချမှု နည်းပါးသွားပြီး ဒေသအတွင်းသာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ ပြောင်းဖူးဈေးနှုန်းမှာ အရွယ်အစားအလိုက် သကြားပြောင်း တစ်ဖူးလျှင် ငွေ ၅၀၀၊ ၆၀၀ ကျပ်ဖြင့် ရောင်းချရကြကြောင်း သိရသည်။

ပြောင်းဖူးအပင်များကို ကလိန်အောင်မြို့၊ ဇင်းဘာကျေးရွာ၊ မိကျောင်းလှောင် စသည့် ကျေးရွာများတို့က စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)