ပုသိမ်မြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်ပေးရေး၊ အခြေခံစားသောက်ကုန်များရောင်းချပေးရေးနှင့် မြို့သန့်ရှင်းသာယာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပုသိမ် ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်ပေးရေး၊ အခြေခံစားသောက်ကုန်များ ရောင်းချပေးရေးနှင့် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဇန်နဝါရီလ (၂၀၊ ၂၁)ရက်နေ့များတွင် ရန်ကုန်မြို့မှ ဆရာဝန်ကြီးများ ကျန်းမာရေးကုသမှုများ ပြုလုပ်ရန်အတွက်  လာရောက်မည်ဖြစ်၍ ကုသမှုခံယူကြမည့် ပင်စင်စားဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုပြည်သူများ စာရင်းပြုစုတင်ပြရန်နှင့် ပုသိမ်မြို့သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းကိစ္စများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သတ်မှတ်ပေးထားသည့် နေရာများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရေး၊ ပင်စင်စားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ရောင်းချပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအဖွဲ့များမှ တာဝန်ပေးအပ်ထားသည့်အတိုင်း ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက်အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းသန့်နိုင်က ပင်စင်စားများ ဆေးဝါးကုသမှုပေးရန်အတွက် သက်ဆိုင်ရာကော်မတီများအနေဖြင့် အစီအစဥ်များ ချမှတ်ဆောင်ရွက်သွားကြရေးတို့ကိုလည်းကောင်း၊ အဖွဲ့ဝင်(၂)ဦးစိုးပိုင်က သန့်ရှင်းရေးဆောင်ရွက်ရန် နေရာသတ်မှတ်ထားရှိမှုများကို  လည်းကောင်း၊

အဖွဲ့ဝင်(၃) ဦးကျော်ထွန်းက မြို့တော်ခန်းမတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြုလုပ်ပေးခြင်းနှင့် ကဒ်ပြားပေးအပ်ပွဲ ပြုလုပ်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ အတွင်းရေးမှူး ရဲမှူးရဲရန်အောင်က လုံခြုံရေးကိစ္စများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ဌာနဆိုင်ရာများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြင့်ဟန် (ပြန်/ဆက်)