ဟားခါး ဇန်နဝါရီ ၁၉
၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ ၁၈ ရက် မွန်းလွှဲ ၁ နာရီခွဲကကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စုနေ့နှင့် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်၍ ဖွဲ့စည်းပေးထားသည့် ကော်မတီတာဝန်ရှိသူများအနေဖြင့် အထက်ဌာန၏ လမ်းညွှန်ချက်နှင့် ဒေသမြေပြင်အခြေအနေဘောင်အတွင်း အားနည်းချက်မရှိအောင် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျင်းပမည့်အခမ်းအနားသည် ပြည်ထောင်စုနေ့အခမ်းအနားဖြစ်သည့်အတွက် တာဝန်ရှိသူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် အနှစ်သာရပြည့်ဝစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကော်မတီအလိုက်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ရန်လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြား သည်။
ယင်းနောက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးအောင်ချိုက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နောက်ဆုံးညွှန်ကြားချက်အတိုင်း အောင်မြင်စွာကျင်းပနိုင်အတွက် စီမံဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ခန့်မှန်းကုန်ကျစရိတ်နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်သည့်အချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)