မြို့သစ် ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးကို အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ တစ်ရပ်အနေဖြင့် မဟာဗျူဟာနှင့် နည်းဗျူဟာများချမှတ်ကာ တားဆီးကာကွယ်ထိမ်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးသည် လူညွှန့်တုံးစေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စူးစမ်းကာ စမ်းသပ်သုံးစွဲခြင်းမပြုကြရန် အမှာစကားပြောကြားသည်။
ထို့နောက် မြို့သစ်မြို့ မြို့မရဲစခန်းမှစခန်းမှူးက မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချမှုများနှင့် ဖမ်းဆီးရမိမှုများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းသည် စူးစမ်းလိုခြင်း၊ စမ်းသပ်လိုခြင်းနှင့် အပေါင်းအသင်းမိတ်ဆွေးများကြောင့်ဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိက မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းကြောင့် အရေးယူနိုင်သည့် ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိက ပလတ်စတစ်၏ ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ နည်းလမ်းများနှင့် နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူငယ်များစည်းကမ်းရှိပြီး လူတော်လူကောင်းဖြစ်ဖို့ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားရန် လိုအပ်သည့်အကြောင်းများကို အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(မြို့သစ်)