ရေဦး ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေဦးခရိုင်နှင့် မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အောင်ချမ်းသာရပ်ကွက်နေ အိမ်ထောင်စုများသို့ စားသုံးဆီများလျှော့ဈေးဖြင့် ရောင်းချပေးခြင်းကို ဇန်နဝါရီ ၁၈ ရက်နေ့လယ် ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အောင်ချမ်းသာရပ်ကွက်ရုံးတို့တွင် ကွင်းဆင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားဆီများ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးရေးနှင့် အလေးချိန်ပြည့်ဝစွာ ရောင်းပေးရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ အဖွဲ့၀င် ဦးမင်းလွင်၊ စားဆီရောင်းချရေးကော်မတီ၀င်များက ကွင်းဆင်းစစ်ဆေးကာ ရောင်းချပေးခဲ့ကြသည်။ ဌာနဆိုင်ရာ ဝန်ထမ်း ၇၄၁ ဦး၊ အောင်ချမ်းသာရပ်ကွက်ရှိ အိမ်ထောင်စု ၂၀၀ စုတို့အတွက် တစ်ဦးလျင် စားဆီငါးဆယ်ကျပ်သားနှုန်းကို ၂၈၅၀ ကျပ်ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးလျှော့ရောင်းချပေးခဲ့ရာ စုစုပေါင်းဆီပိဿာချိန် ၄၀၀ ထိရောင်းချပေးခဲ့ကြောင်း၊ ထိုသို့စားဆီများ ရောင်းချပေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်၊ မြို့နယ်ဆီလုပ်ငန်းရှင်များအစီအစဉ်ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ အတွက်(၆)ကြိမ်၊ မြို့ပေါ်ငါးရပ်ကွက်နှင့် ကျေးရွာအချို့တွင် ငါးကြိမ်ထိ ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။
သန်းသန်း (ရေဦး)