စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ရွှေဘိုမြို့နယ်အတွင်းရှိ မိဘပြည်သူများ စိတ်ချမ်းမြေ့ လွတ်လပ် လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

ရွှေဘို အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ များနှင့် ဌာနဆိုင်ရာများလိုက်ပါ၍ ယနေ့ နံနက်(၈)နာရီက လာမည့် ၂၀၂၀ခုနှစ်၊  နိုဝင်ဘာ (၈)ရက်နေ့၌ အထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ရာ ရွှေဘိုမြို့နယ်အတွင်းရှိ မိဘ ပြည်သူများ စိတ်ချမ်းမြေ့ လွတ်လပ် လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက် ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့က ရွှေဘိုမြို့နယ် အတွင်းရှိ ပလိုင်း၊ ဆိပ်ခွန်၊ ဆင်အင်း၊ ညောင်ပင်သာ၊ လိပ်ချင်း၊ ကျား၊ ခွန်တောင်းကြီး နှင့် ပန်းရံ စသည့် ကျေးရွာအုပ်စု(၈)အုပ်စုတို့ရှိ မဲရုံးများဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် မဲရုံများတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများက အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ မဲရုံအဖြစ် အသုံးပြုမည့် အဆောက်အဦများ ပြင်ဆင်ထားရှိမှု အခြေအနေတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး မိဘပြည်သူများအတွက် စိတ်ချမ်းမြေ့လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာဌာနများမှ တာဝန် ပေးအပ်ထားသောဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအား တွေ့ဆုံ အားပေးစကားများ ပြောကြားကာ ဆန္ဒမဲပေးရာတွင်  COVID-19 ရောဂါ မပြန့်ပွား မကူးစက်ရေးအတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့်အညီ အားလုံး စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် နှင့် ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)