သာပေါင်း ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Woman Club) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ မေသင်္ကြန်ဟိန် (မြစ်မခ) ရေးသားသည့်”ဘာပဲဖြစ်ဖြစ် လှအောင်နေပါ၊စာဖတ်ပါ” အောင်မြင်ရေးစာစုများ (၁၀) စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့်စာအုပ်၏ အမှာစာများကိုဦးစွာရှင်းလင်း ပြောကြားခဲ့သည်။ဆက်လက်၍(Woman Club) အဖွဲ့ဥက္ကဋ္ဌ ဒေါ်ငြိမ်းငြိမ်းစိုးက စာရေးဆရာမေသင်္ကြန်ဟိန် (မြစ်မခ) ရေးသားသည့်”ဘာပဲဖြစ်ဖြစ် လှအောင်နေပါ၊စာဖတ်ပါ” အောင်မြင်ရေးစာစုများ (၁၀) ပါ “အလှတရားကိုဖြစ်စေတဲ့အရာ” ခေါင်းစဥ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
“အလှတရားဆိုတာ ဘာလဲ၊ အလှတရားကို ဖြစ်ပေါ်စေတာ ဘာလဲလို့ အသက် ၂ဝ အရွယ်တုန်းက မေးခွန်းတွေထုတ်ခဲ့ဖူးတယ်။ တကယ့်ကို အလှတရားဆိုတာ ဘာကိုခေါ်တာလဲ၊ လူတစ်ယောက်ရဲ့ ရုပ်ရည်ပြေပြစ်လှပမှုလား၊စိတ်ကောင်း စေတနာကောင်းတွေနဲ့ ကူညီတတ်ခြင်းလား၊ ဘဝရဲ့အောင်မြင်မှုလား၊ ထင်ပေါ်ကျော်ကြားမှုကိုပဲ ဆိုတာလားစတဲ့ထင်မြင်ယူဆချက်တွေနဲ့ အလှတရားဆိုတဲ့အပေါ်မှာ စူးစမ်းလိုစိတ်တွေလည်း ရှိခဲ့ပါတယ်။ လှပခြင်းဆိုတာကို လူတိုင်းလိုလားကြတာ တွေ့ရပါတယ်။ လှပခြင်းကို လိုလားတဲ့အတွက်ကြောင့် ဟိုးရှေးခေတ်တွေကတည်းက လူတွေဟာ သူတို့တတ်စွမ်းသလောက်နဲ့ အလှအပတွေကို ဖန်တီးကြတယ်လို့ဆိုရမှာပါ။ အဲဒီ အလှအပထဲမှာ ရုပ်ရည်သွင်ပြင်ကပဲ အဓိက ကျနေသလားဆိုရင်တော့ မမှန်နိုင်ပါဘူး။ ရုပ်နဲ့စိတ်ဟာ တွဲနေတဲ့အတွက် ရုပ်ရည်သွင်ပြင်ဟာ ကိုယ့်ရဲ့ စိတ်နေစိတ် ထားပေါ်မှာ ၆၀-၈၀ % ထိ မူတည်နေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုဖူးတယ်။ အဲဒါကို ဖတ်မိတော့ဟုတ်ရဲ့လား ဆိုတဲ့စိတ်နဲ့ ကျွန်မလေ့လာဆန်းစစ်ခဲ့ဖူးတယ်။
ဘယ်လောက်ပဲ လှတဲ့သူ၊ ချောတဲ့သူဖြစ်နေပါစေ စိတ်ဆိုး၊ ဒေါသထွက်နေချိန်မှာ ရုပ်ဆိုးနေတာကို တွေ့ခဲ့ရဖူးတယ်။ ပြီးတော့ ရုပ်ရည်ကလှပတဲ့သူဖြစ်ပါလျက်နဲ့ သူတစ်ပါးအပေါ်မှာ မကောင်းတဲ့အမြင်၊ မကောင်းတဲ့စိတ် ထားနေတဲ့သူမှာလည်း ရုပ်ဆိုးသွားတာ။ အမြင်မလှတာ တွေ့ရဖူးတယ်။
အဲဒီလိုပါပီ ရုပ်ရည်ကသိပ်လှတဲ့အထဲမှာမပါပါဘူး။ ဒါပေမဲ့ကိုယ့်အလုပ်ကို ပျော်ရွှင်ကျေနပ်နေတဲ့အချိန်ဆိုရင် အရင်ကထက်ပိုပြီး မျက်နှာဘေး ကြည်လင်လှပနေတာမျိုး ကြုံရဖူးတော့ သိပ္ပံပညာရှင်တွေရဲ့ ရုပ်နဲ့စိတ်ဟာတွဲနေတယ် ဆိုတာကို ကျွန်မလက်ခံလိုက်တယ်။ ဒါကြောင့် လှချင်တဲ့ လူတိုင်းအတွက် ရုပ်ရည်သွင်ပြင်ကိုသာမက စိတ်ကိုပါလှအောင်ပျိုးထောင်ဖို့လိုတယ်လို့ ကျွန်မ လက်ခံယုံကြည်မိခဲ့ပါတယ်။
အရင်ဆုံး ရုပ်ရည်လှပဖို့အတွက် စိတ်ကောင်းနှလုံးကောင်းရှိဖို့နဲ့ မကောင်းတဲ့အတွေး၊ မကောင်းတဲ့စိတ်ကူးတွေ၊ မကောင်းတဲ့အပြောအဆိုတွေကို နှင်ထုတ်ဖို့က အရေးကြီးလာတယ်ဆိုတာကိုလည်း သိလာရပါတယ်။
စိတ်ကောင်းနှလုံးကောင်း ရှိရုံနဲ့ လှပြီလားလို့ ဆိုရင် တော့ စိတ်ကောင်းနှလုံးကောင်း ရှိရုံနဲ့ လှပနိုင်ပါတယ်၊ ဒါပေမဲ့ လှပတင့်တယ်တဲ့ဘဝကိုတော့ ပိုင်ဆိုင်ဖို့ခက်ခဲနေ တတ်ပြန်တယ်ဆိုတာကိုလည်း တွေ့လာရပါတယ်။ဘဝရဲ့ နောက်ဆုံးအချိန်ထိ လှပတင့်တယ်ဖို့ဆိုရင်တော့ ရုပ်ရည်သွင်ပြင်၊ စိတ်နေစိတ်ထားသာမက အတွေး အခေါ်အယူအဆနဲ့ ဗဟုသုတကျယ်ပြန့်ဖို့ဆိုတာ အရေး ကြီးလာပါလားလို့ နားလည်လာခဲ့ရတယ်။အဲဒီအချိန်ကြမှ တကယ့် အလှတရားဆိုတာ ဘာလဲ လို့ ကိုယ်တိုင်ဆင်ခြင်သုံသပ်ရင်း တွေ့ရှိခဲ့ရတာပါ။အလှတရားဆိုတာ အကြည့်ခံရသူပေါ်မှာ မူတည်တာအဓိကကျတာ မဟုတ်ပါဘူး။ ကြည့်တဲ့ သူရဲ့ စိတ်၊ ကြည့်တဲ့ သူရဲ့ပညာ၊ ကြည့်တဲ့ သူရဲ့ အယူအဆနဲ့ လက်ခံ ယုံကြည်မှုတို့ အချိုးညီညီ ပေါင်းစပ်ပါဝင်နေခြင်းပေါ်မှာလည်း မူတည်တယ်လို့ ဆိုပါရစေ။ ဒါဆိုရင် ကျွန်မ ယုံကြည်တဲ့ အလှတရားဟာ - ရုပ် ရည်သွင်ပြင်၊ စိတ်နေစိတ်ထား၊အတွေးအခေါ်၊ ပညာဉာဏ် ရင့်သန်မှု အားလုံးပေါ်မှာ မှီတည်နေတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီ အလှတရားနဲ့ ဘယ်လိုဆက်စပ်နေသလဲ ဆိုတာကိုတော့ ဒီစာအုပ်ထဲမှာ ရှင်းလင်းပြောဆိုထားပါ တယ်ရှင်။အစအဆုံး ဖတ်ကြည့်ပေးပါ။ မတူတဲ့အမြင်နဲ့ သဘောထားများ ရှိရင်လည်း ဆွေးနွေးပေးပါလို့ ဖိတ်ခေါ်ချင်ပါတယ်။” စသည်ဖြင့် ရေးသားထားမှုများအား မိမိတို့အတွေ့အကြုံများနှင့်ယှဥ်၍ ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်များကအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ဝါသနာရှင်ပြည်သူများ စာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့်တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း