တောင်တွင်းကြီး ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြစိမ်းရောင်(နို့စားနွား) မွေးမြူရေးအသင်းတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ အရိုးအဆစ်သန်မာစေရန်၊ နို့သောက်သုံးသည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်အတွက် နွားနို့တိုက်ကျွေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက သီလကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းက ကျောင်းသား၊ ကျောင်းသူများအား နွားနို့တိုက်ကျွေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တောင်တွင်းကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစိုးမိုးဝင်းက နွားနို့သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သည့် ဗီတာမင်ဓာတ်၊ သတ္ထုဓာတ်၊ ကစီဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်ဓာတ်၊ အသားဓာတ်တို့ကို ဖြည့်ဆည်းပေးကြောင်း၊ ထို့အပြင် ကယ်လ်စီယံ၊ ဖော့စဖိတ်ဓာတ်များပါဝင်သဖြင့် အရိုးများ၊ သွားများကြံ့ခိုင်ပြီး၊ ခုခံအားစနစ်လည်း ကောင်းမွန်ကြောင်း စသဖြင့် နို့သောက်သုံးခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးမိုးဝင်းနှင့် တာဝန်ရှိသူများက သီလကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀၅)ဦးတို့အား နွားနို့(၁၀၅)ဗူးကို တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)