ကန်ကြီးထောင့် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြား စွန့်ပစ်မှုသရုပ်ပြခြင်းများနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းများကို ယနေ့နံနက်(၁၁)နာရီအချိန်က တကုန်းကြီးကျေးရွာနှင့် အ.ထ.ကကျောင်းထဲတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက အ.ထ.ကကျောင်းအတွင်း၊ အပြင်ရှိ အမှိုက်များကောက်ခြင်း၊ မြက်ဖျတ်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်းနှင့် ကော်ဖီပင်များစိုက်ပျိုးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား အမှိုက်များစနစ်တကျ စွန့်ပစ်တတ်စေရေး အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်မှုသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှု့အားပေးခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)