ကျုံပျော်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျောကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ်ဆောင်ရွက်

ကျုံပျော် ဇန်နဝါရီ ၁

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနကဦးဆောင်ကာ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျောကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ် (Kaeru Caravan) ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က ပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားအစီအစဉ် ပထမပိုင်းအားကျောင်း၏ အောင်ဆန်းခန်းမတွင် ကျင်းပရာ ကျုံပျော်မြို့နယ်၊ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့်က ဘဘာဝဘေးအန္တရာယ်များအား လျောကျနိုင်ရန်နှင့် ကျရောက်ပါက တုန့်ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယခုပညာပေးအစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ကလေးငယ်များကို ဦးတည်ကာ အသိပညာပေးသွားမည်ဖြစ်ပြီး၊ Game ကစားနည်းပုံစံများဖြင့် စီစဉ်ထားသည့်အတွက် မှတ်သားရလွယ်ကာ စိတ်ဝင်စားမှုရရှိမည်ဖြစ်ကြောင်း၊ ယခုအသိပညာပေးမှရရှိသည့် နည်းစနစ်များကို မိသားစုများထံပြန်လည် ‌ဖြန့်ဝေပေးခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်များကို ပိုမိုကျယ်ပြန့်စွာ စနစ်တကျ တုန့်ပြန်နိုင်မည်ဖြစ်ကြောင်း၊ အသိပညာ‌ပေးအစီအစဉ်တစ်ခုတွင် နည်းပြနှစ်ဦးစီက ရှင်းလင်းပြသပေးသွားမည်ဖြစ်ပြီး၊ အမှတ်ပေးစနစ်များလည်းပါဝင်ကာ၊ ဆုရရှိသည့် အဖွဲ့များကိုလည်း ဆုများပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းရှေ့ မြက်ခင်းပြင်တွင် Grade - 4, Grade -5 နှင့် Grade - 6 တို့မှ ကျောင်းသား၊ ကျောင်းသူ လေးများအား တစ်ဖွဲ့လျှင်(၁၀)ဦးစီဖြင့် အဖွဲ့ပေါင်း(၉)ဖွဲ့ခွဲကာ အဖွဲ့ခေါင်းဆောင် ဆရာမများက ဦးဆောင်၍ Game ကစားနည်း(၁)မှ (၁၀) အထိကို လိုက်လံလေ့လာမှတ်သားကာ လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ Game ကစားနည်း(၁)တွင် မီးအတန်းအစားများ၊ မီးလောင်မှုဖြစ်ပွားပုံနှင့်  မီးငြိမ်းသတ်နည်း အသိပညာပေး အကြောင်းအရာများ၊ Game ကစားနည်း(၂)တွင် မီးလောင်မှုဖြစ်ပွားလျှင် မည်သို့ငြိမ်းသတ်ရမည်ကို ကတ်များဖြင့် အသိပညာပေး လုပ်ဆောင်နည်းများ၊ Game ကစားနည်း(၃)တွင် လူနာထမ်းစင်မရှိသည့် နေရာများတွင် စောင်တစ်ထည်ကို အသုံးပြု၍ လူနာသယ်ယူနည်းများ၊ Game ကစားနည်း(၄)တွင် အရေးပေါ်အခြေအနေတွင် ခြေ၊ လက်များကျိုးခဲ့ပါက ရှေးဦးသူနာပြုစုနည်းဖြင့် ကူညီဆောင်ရွက်နိုင်ပုံများ၊ Game ကစားနည်း(၅)တွင် အသက်ကယ်အကျီ ခက်ခဲသောဒေသများ၌ ရေသန့်ဗူးခွံ၊ ပလပ်စတစ်ကြိုး၊ ရှပ်အင်္ကျီတစ်ထည်ဖြင့် ရေမနစ်မြုပ်နိုင်သည့် အသက်ကယ် အင်္ကျီပြုလုပ်နည်းများ၊ Game ကစားနည်း(၆)တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ယူဆောင်သွားရမည့် အခြေခံပစ္စည်း(၁၇)မျိုးနှင့် ပြန်လည်ဆန်းစစ်ကစားနည်းများ၊ Game ကစားနည်း(၇)တွင် သဘာဝဘေးကျရောက်ပါက ကြိုးတစ်ချောင်းကိုအသုံးပြု၍ ကြိုးချည်နည်း၊ အသက်ကယ်နည်းများ၊ Game ကစားနည်း(၈)တွင် ငလျှင်လှုပ်ပြီးနောက် ပိတ်မိနေသူများကိုလွယ်ကူလျှင်မြန်စွာ ရှာဖွေကယ်ဆယ်နည်းများ၊ Game ကစားနည်း(၉)တွင် ငလျှင် မကျရောက်မီ၊ ကျရောက်ဆဲနှင့် ကျရောက်ပြီး ဆောင်ရွက်ရမည့် အချက်များနှင့် ပြန်လည် ဆန်းစစ်ချက်များ၊ Game ကစားနည်း(၁၀)တွင် အဆိုပါ Game (၉) ခုမှ အသိပညာများကို ပြန်လည်ဆန်စစ်ကစားနည်းများ စသည်တို့ပါဝင်ပြီး၊ Game တစ်ခုနှင့် တစ်ခုမှာ ဆက်စပ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ထားကြောင်း ဒု-မီးသတ်ဦးစီးမှူး ဦးမင်းလွင်ထံမှ သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ယခုကဲ့သို့ အခြေခံပညာကျောင်းများသို့ ပညာပေးလုပ်ငန်း ဆောင်ရွက်သည့်အတွက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတများစွာ ရရှိကြောင်း၊ အဆိုပါ အသိပညာပေး Game ကစားနည်းပါဝင်ကြသည့် အဖွဲ့များကို ပြန်လည်ဆန်းစစ်ချက်များဖြင့် အမှတ်များပေးကာ ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)