စစ်ကိုင်းမြို့၊ ချင်းစု အ.လ.က(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်း ဇန်နဝါရီ ၁၉

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချင်းစုအခြေခံပညာအလယ် တန်းကျောင်း (ခွဲ) တို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေး ပွဲကို ဇန်နဝါရီ (၁၈) ရက်၊ မွန်းလွဲ (၁) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်း၊ ဒေါ်ထက်ထက်လင်းတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် အတင်းအားဓမ္မခိုင်းစေမှု မခံရအောင် ဆောင်ရန်/ ရှောင်ရန်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြဖို့လိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာများရရှိကာ အမှား/ အမှန် ခွဲခြားသိမြင်လာကြမှာဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ/ရသ စာအုပ်များကို အခမဲ့ငှားရမ်းပေးနေသည့်အတွက် လာရောက်ငှားရမ်းကြပါလို့ ဖိတ်ခေါ်လိုကြောင်း အသီးသီးဆွေးနွေးပေးခဲ့ကြသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးကလေးအလုပ်သမား ပပျောက်ရေး " အသိပညာပေးရေး နှင့်စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ" မှ တာဝန်ခံထုတ်ဝေသည့် " ဇေယျာရွှေမြေ" လက် ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ပြီး ပြသထားသည့် အသိပညာပေး နံရံကပ်များအား ကျောင်းသား/ ကျောင်းသူလေးများက လေ့လာကြည့်ရှုခဲ့ကြကာ နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်များငှားရမ်း ပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)