ဒေးဒရဲ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီက ကျုံဒူး (ခမိ) ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူများအား အနာဂတ်နိုင်ငံတော်ကို ပုံဖော်ပေးနိုင်မည့် ကလေးများအား ကလေးအလုပ်သမားမဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပြီး အဆိုးရွားဆုံးပုံစံဖြင့် ကလေးများအားရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ရေးရာဆိုင်ရာ၊လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု အကာအကွယ်မဲ့စေသော အလုပ်များ၊ အန္တရာယ်များသော စက်ယန္တရား၊ လေးလံသောဝန်များကို သယ်ပို့သောလုပ်ငန်းများ၊ ကျန်းမာရေး ထိခိုက်စေသောလုပ်ငန်းများ၊ အလုပ်ချိန်ကြာရှည်သော၊ ညရေးညတာ၌ လုပ်ရသောအလုပ်များတွင် လုပ်ကိုင်ရသော ကလေးများအား ကလေးအလုပ်သမားအဖြစ် သတ်မှတ်ကြောင်းနှင့် နိုင်ငံတော်က ကလေးအလုပ်သမား ပပျောက်ရေးအတွက် အဓမ္မခိုင်းစေမှုပပျောက်ရေး၊ ဘေးကင်းပြီး ကျန်းမာသော လုပ်ငန်းခွင်ပတ်ဝန်းကျင် ဖြစ်ပေါ်ရရှိစေရေးစသည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း