ဘားအံ၌ အဆင့်မြင့်လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်လှစ်

ဘားအံ ဇန်နဝါရီ ၁၉

ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီမှကြီးမှူး၍ အဆင့်မြင့်လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က  ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လုပ်ငန်းကော်မတီမှကြီးမှူးဖွင့်လှစ်သည့် အခြေခံသင်များထဲတွင် ပထမဦးဆုံးဖွင့်လှစ်သည့် အဆင့်မြင့်ကျွမ်းကျင်သင်တန်းအမျိုးအစားဖြစ်ပြီး အခြေခံအသိပညာမှတစ်ဆင့် ကျွမ်းကျင်ပညာရှင်အဆင့်သို့ ရောက်ရှိနိုင်စေရန် ရည်ရွယ် သည့်အတွက် အားသွန်ခွန်စိုက်ကြိုးစား၍ သေချာလေ့လာသင်ယူသွားကြစေလိုကြောင်း၊ လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်းသင်တန်းသည် ယနေ့ခေတ်တွင် လူတိုင်းအတွက်မရှိမဖြစ်သင်ယူ လေ့လာထားရမည့် သင်တန်းအမျိုးအစားဖြစ်ပြီး သင်တန်းတက်ရောက်ရမည့် ရက်သတ္တပတ်(၆) ပတ်ကာလအတွင်း သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာဆည်းပူး၍ တတ်မြောက်ကျွမ်းကျင် ပိုင်နိုင်အောင်သင်ယူကြစေလိုကြောင်း၊ သင်တန်းပြီးစီးပါက သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာနှင့်ကျွမ်းကျင်မှုများကို အသုံးချ၍ မိမိမိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းများဖွင့်လှစ် ရခြင်းနှင့် သင်ကြားပို့ချချက်များကို ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကိုယ်စားပြု ဘားအံဇုန်အတွက် သွားရောက်ယှဉ်ပြိုင်မည့် နည်းပညာတက္ကသိုလ် (ဘားအံ)အားကစားအဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားသည်လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို ဖြစ်ပေါ်စေရုံသာမက ဗလငါးတန်ဖွံ့ဖြိုးမှု၏ အခြေခံမျိုးစေ့လည်းဖြစ်သည့် အတွက် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်ခြင်း၊ တက်ကြွဖျတ်လတ်ခြင်း၊ အသင်းအဖွဲ့နှင့် လုပ်ကိုင်တတ်ခြင်း စသည့်အကျိုးကျေးဇူးများ ကို ရရှိစေနိုင်မည်ကာ အားကစားနှင့်ပညာရေးကိုပေါင်းစပ်ပေးခြင်းအားဖြင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ သွားရောက်ယှဉ်ပြိုင်မည့် အားကစား သမားများအနေဖြင့် အားကစားနည်းအလိုက် အောင်မြင်မှုများဆွတ်ခူးနိုင်အောင် ကြိုးစားယှဉ်ပြိုင် ကစားကြစေလိုပြီး အောင်မြင်မှုအလိုက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဂုဏ်ပြုချီးမြှောက်မှု များကို ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါပြိုင်ပွဲသို့ ဘားအံဇုန်အနေဖြင့် အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှစ်ယောက်တွဲ(ကျား၊မ)၊ ကြက်တောင်တစ်ဦးချင်း(ကျား၊မ)၊ စားပွဲတင်တင်းနစ် တစ်ဦးချင်း(ကျား)စသည့် အားကစားပြိုင်ပွဲများတွင် စုစုပေါင်းအားကစားသမား (၃၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၁၆) သိန်းကို နည်းပညာတက္ကသိုလ် ကျောင်းသား အားကစားအဖွဲ့ခေါင်းဆောင်ထံ ထောက်ပံ့ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)